Posted by : Taungzalattmay
Sunday, 1 March 2015
ကြိုးတိုက်ထဲက ထွက်လာတဲ့ကဗျာ
ကြိုးတိုက်ထဲက လက်ပြန်ကြိုးတုတ်ခေါ်လာခဲ့ ကဗျာတစ်ပုဒ်
ဘယ်ကွေ့ညာကွေ့
အောက်ကိုပျက်ကျသွားလိုက် အပေါ်ကိုပျံတက်သွားလိုက်
၆-လမ်းသွားလမ်းမကြီးရဲ့သွေးနံ့တွေရနေပါတယ်တဲ့
သွေးတွေနဲ့ခင်းထားတဲ့ အခြောက်သွားလမ်းမကြီး
အာရုံထဲမှာ
အပူရှိန်တဟုန်းဟုန်း တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးလိုစည်ကား ဒါပေမယ့်
ခြောက်ခြားဘွယ်ကောင်းလောက်အောင်
မိသားစုတစ်စုလုံး အပစ်ခံအလုယက်ခံလိုက်ရတဲ့အိမ်တစ်လုံးလို အသံတွေတိတ်ဆိတ်
အနံ့အသက်က
နတ်ပြည်က ငရဲပြည်ကိုဆာဆာလောင်လောင်နမ်းနေသလို
အခုရောက်နေတာ တောခေါင်ခေါင် တောင်ကုန်းမြင့်မြင့် လူသူမနေသတဲ့
ဘုရားတရားကိုသာ အာရုံပြုလိုက်တော့တဲ့ သူတို့ကြွေးကြော်သံက
ကျွန်တော့်ခေါင်းစွပ်ကိုချွတ်လိုက်တယ်
ကျွန်တော်စတွေ့လိုက်တာက
ကျပ်ကုန်းကြီးပေါ်မှာ အပမီနေတဲ့ကြယ်တွေ
နီနီရဲရဲ နည်းနည်းနောနောကြီးမဟုတ်တဲ့ဟာကြီးကို မှီရပ်လို့

ကျွန်တော်ချောင်းဟန့်ပြီး မေးခွန်းတွေထွေးထုတ်လိုက်တယ်
အသေးဆုံးစက္ကန့်ရဲ့အပြင်းထန်ဆုံးအဆိပ်လူးမြှားတံ

ခင်ဗျား ငုယင်ဗန်ထရွိုင်းကို သိလား
ခင်ဗျား မ၀င်းမော်ဦးကို သိလား
ခင်ဗျား မ၀င်းမော်ဦးကို သိလား
ထားပါတော့
အာဖရိကဗုံသံတွေနဲ့ ပန်းပွင့်လေးတွေမီးနင်းနေတယ်
မွန်းလိုက်ဆိုနာတာတေးသွားနဲ့ ပန်းဘဲဖိုပေါ် လေညှင်းလေးတွေဖြတ်ပြေးနေတယ်
ဓါးသွားတွေပေါ်ရေစက်လေးတွေထက်ခြမ်းကျကွဲနေတယ်

ဒီနေ့ရံပုံငွေပွဲကြီးထဲကို ငါတို့အသက်တွေ တစ်သက်တာရံပုံငွေအဖြစ်ထည့်လိုက်ကြတယ်
ဟင်းလင်းပြင်တစ်ခုကိုဖြတ်ပြီးပြေးထွက်လာတဲ့ကျည်ဆန်တစ်ထောင့်
ငါ့နဖူးကိုဖေါက်ပြီး
နံရံပေါ်ကငါ့မိသားစုဓါတ်ပုံကိုထိမှန်ကျကွဲသွားနိုင်တာ ငါသိသလို
ရေပြင်ကိုရှပ်တိုက်ပြီးပစ်လိုက်တဲ့ဒီခဲတစ်ပြားဟာ
လည်ပင်းတစ်ခုကိုဖြတ်ပြီး ဟိုတစ်ဖက်ကမ်းကိုခုန်ကူးရောက်ရှိသွားနိုင်တာကိုလည်း
ခင်ဗျားသိထားရမှာပေါ့ ခင်ဗျားသိထားသင့်တာပေါ့ လူကြီးမင်း။ ။

ခရမ်းပြာထက်လူ
၅ ၊ ဧပြီ ၊၂၀၁၄
၅ ၊ ဧပြီ ၊၂၀၁၄